ပန်ကန်ပြားပေါ်က သရ(၁၂)လုံး

ပန်ကန်ပြားပေါ်က သရ(၁၂)လုံး


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့်ရင်းနှီးသော လူငယ်တစ်ဦး ရောက်ရှိလာလေ၏။ ထိုလူငယ်သည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ ချင်း-
“ကျွန်တော်ကတော့ ဒုက္ခတွေ ပင်လယ်ဝေနေပြီ ဆရာကြီးရေ . . . ၊ ကယ်ပါဦး. . . ”ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က-
“နေစမ်းပါဦး မောင်မိုးအောင်ရဲ့. . . ၊ မင်းက အခုဘာတွေ လုပ်နေတာလဲ. . . " ဟု မေးလိုက်ရာ ၄င်းက-
“အမေ မသေခင်က အမေ့ပိုက်ဆံနဲ့ ဗွီဒီယိုတစ်ကား ရိုက်တယ်၊ ကျွန်တော်က မင်းသားပေါ့၊ ရှုံးလိုက်တာ မပြောပါနဲ့တော့ ဆရာကြီးရယ်. . . ၊ အမေမမာတော့ ဆေးကုဖို့ ပိုက်ဆံတောင် မရှိတော့ဘူး၊ အမေသေသွားတော့ ကျွန်တော် ဗီဒီယိုဆက်ရိုက်တယ်၊ အနိမ့်ကားလေးတွေပေါ့ ဆရာကြီးရယ်၊ အဲဒီမှာ ကျွန်တော်က ဒုတိယဇာတ်လိုက် လုပ်ရတယ်၊ မအောင်မြင်ပါဘူး ဆရာကြီးရယ်. . . ၊ အခုဆိုရင် ကျွန်တော်ပါတဲ့ ကားထုတ်ဆိုရင် နယ်က ဝယ်တောင် မဝယ်တော့ဘူး၊ တကယ်ပြောရရင် ကျွန်တော်တို့ လူမျိုးဟာ အနုပညာဓာတ်ခံနည်းသေးတယ် ဆရာကြီးရဲ့ ၊ ကျွန်တော့်ကို . . လက်မခံတာတစ်ခုတည်းနဲ့ကို အကဲဖြတ်နိုင်ပါတယ်၊ ကားထုတ်တော်တော်များများမှာ ဒုတိယမင်းသား လုပ်ခဲ့လေတော့ ဘတ်စ်ကား စီးလို့ မရတော့ဘူး၊ လူတွေက ကျွန်တော်ကို သိနေကြတယ်၊ အဲဒါကြောင့် ကားတစ်စီး ဝယ်စီးတယ် ကျွန်တော် ဝယ်တဲ့ ကားကလည်း ဟွန်းကလွဲပြီး ကျန်တာ အားလုံး အသံမြည်နေတယ်၊ ပြန်ရောင်းတော့လည်း ဘယ်သူမှ မဝယ်ဘူး ဆရာကြီးရယ်. . . ၊ ကျွန်တော့် အမျိုးတွေကလည်း ကျွန်တော့်ကို ဆေးဖော်ကြောဖက်တောင် မလုပ်တော့ဘူး ဆရာကြီးရယ်. . .”
ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က-
“ငါ မင်းပါတဲ့ ဗွီဒီယိုကားကို ကြည့်ဖူးတယ်ကွ၊ ကလေးတွေ ယူလာလို့...၊ ကားနာမည်က “ချစ်သူကသေ မောင်ကကြေ” ဆိုတဲ့ကားကွာ. . . ၊ နောက်တစ်ကားလည်း ကြည့်ဖူးသေးတယ်၊ ‘လည်ပင်းကို နင်းပြီး အပူထုတ်ပေးပါ’ ဆိုတဲ့ကားလေ. . . ၊ မင်းက အဲဒီမှာ သူဌေးသားအဖြစ် သရုပ် ဆောင်ရတယ်လေ၊ သူဌေးသားနဲ့ မတူဘူး၊ ကားစပယ်ယာနဲ့ တူနေတယ်၊ အရေးထဲ မင်းက စကားမပီသဘူးကွ၊ ‘ငါ မင်းကို သတ်ပစ်မယ်’ လို့ ပြောရမယ့်နေရာမှာ ‘ငါ မင်းကို တတ်ပစ်မယ်” လို့ပြောတယ်၊ နောက် မင်းတစ်ကား ကြော်ငြာထားတာ ရှိသေးတယ်လေ. . . ၊ ‘ပတ္တာရှိရင် တံခါး ရိုက်ပစ်မယ်' ဆိုတာလေ. . . ၊ အကောင်းဆုံးကတော့ မင်းမရိုက်ပါနဲ့ ကွာ . . ၊ ဟိုကားမှာလည်း မင်းတော်တော်ညံ့တယ်၊ ‘ကျားဖင် နှိုက်ပြီး ကျားအကြိုက် လိုက်မယ်' ဆိုတဲ့ ကားလေ . . . ၊ ပရိသတ်ကမှ လက်မခံဘဲ၊ ကြည့်တဲ့သူတွေ စိတ်ညစ် အောင် မလုပ်ပါနဲ့ကွာ . . . “
ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မိုးအောင်က-
“မလုပ်တော့ပါဘူး ဆရာကြီးရယ်. . . ၊ ကျွန်တော့် လည်း ခေါ်မယ့်လူ မရှိတော့ပါဘူး၊ ကျွန်တော့်နာမည်ပါတဲ့ ကားဆိုရင် နယ်က မဝယ်ဘူး ဆရာကြီးရဲ့ အခုတော့ ကြွေးတွေလည်း ဝိုင်းနေပြီ၊ အိမ်လည်း ပေါင်ထားလို့ အိမ်ပေါ် က ဆင်းရတော့မယ်. . . ၊ ပြီးတော့ ကျွန်တော်က အိမ်ထောင်ပြုလိုက်သေးတယ်၊ ဗွီဒီယိုမင်းသမီး အကျ သုံးခုလပ်ကောင်မလေးနဲ့ အိမ်ထောင်ပြုလိုက်တယ်၊ အလွန် ပူဆာတတ်တဲ့ ကလေးသုံးယောက်လည်း ပါသေးတယ် ဆရာကြီးရဲ့၊ ကျွန်တော်ကတော့ ဗာရာဏသီသူဌေးသားလို ဖြစ်သွားပြီ၊ ခွက်ဆွဲရတော့မယ်…”
ဟု ညည်းညူ၍ ပြောဆိုလေ၏။ ထို့နောက် ၄င်းကပင်-
“အဆိုးဆုံးကတော့ လှဖေဆိုတဲ့ကောင်ပဲ၊ ဒီကောင်ကတော့ ကျွန်တော့်ရန်သူပဲ၊ ကြွေးရှင်က အိမ်ပေါ်က မဆင်းခိုင်းသေးဘူး၊ ဒီကောင်က ဆင်းခိုင်းအောင် လိုက်ပြောနေတယ်၊ သူလုပ်လို့ လင်မယားလည်း ကွဲပြီ၊ အဲဒါ လှဖေကို နိုင်အောင် လုပ်ပေးပါဦး၊ ဒီကောင့်ကို နိုင်ရင် ကျွန်တော့် ဒုက္ခတစ်ဝက်ငြိမ်းပြီး၊ ကြွေးကတော့ ကျွန်တော် အဆိုတော် လုပ်ပြီး ဖြည်းဖြည်းချင်းဆပ်မယ်၊ အခု ကျွန်တော် တီးဝိုင်းထောင်ထားတယ် ဆရာကြီးရဲ့ . . ၊ 'ဒါးတီး ကလပ်' ဆိုတာ ကျွန်တော့်ဟာပဲ. . . ၊ ဒါတွေထားပါတော့ ဆရာကြီးရယ်၊ လှဖေ မလှုပ်နိုင်အောင်သာ လုပ်ပေးပါ၊ ဒီကောင် လိုက်ပြီး ချွန်နေတယ် ဆရာကြီးရယ် . . .
ဟု နားပူနားဆာ လုပ်လေတော့၏။ ထို့ကြောင့် ကျွန်ုပ်က-
“ဒီလို မောင်မိုးအောင်ရဲ့. . . ၊ မင်းကို ဒုက္ခပေးတဲ့ကောင် ဒုက္ခမပေးနိုင်အောင်လုပ်ဖို့က ‘အ-အာ-၏-ဤ-အု-အူ-အေ- အဲ--အော့ -အော်-အံ-အား’ ဆိုတဲ့ စာ(၁၂)လုံးကို ကြွေပန်းကန်ပြား နှုတ်ခမ်းမှာ ပတ်ဝိုင်းပြီး ရေးရမယ် . . . ထင်အောင်ရေးရမယ်၊ ပန်းကန်ပြားရဲ့ အလယ်ခေါင်မှာ ဖယောင်းတိုင်တစ်တိုင် ထွန်းရမယ်၊ ပြီးတော့ အဲဒီအသံ ထွက် (၁၂) လုံးကို (၂၇) ခေါက်ဆိုပြီး ဖယောင်းတိုင်မီးကို လက်ဝါးနှစ်ဖက်နဲ့ ရိုက်သတ်ရမယ်၊ ရိုက်သတ် တဲ့အခါမှာ “လှဖေ . . ငါ့ကို ဒုက္ခမပေးနိုင်စေနဲ့ . . . လို့ ပါးစပ်က ဆိုရမယ်၊ အဲဒီလို လုပ်လိုက်ရင် မင်းရဲ့ ရန်သူလှဖေဟာ မင်းကို ဒုက္ခ မပေးနိုင်တော့ဘူး . . .”
ဟု ပြောလိုက်ရာ မောင်မိုးအောင်လည်း ဝမ်းသာအားရ ပြန်သွားလေတော့၏။ (၅)ရက်ခန့်ကြာသောအခါ၌ မောင်မိုး အောင်သည် ကျွန်ုပ်ထံသို့ ပြန်ရောက်လာလေ၏။

“အဘ ပေးလိုက်တဲ့ ပန်းကန်ပြားပေါ်က သရ(၁၂)လုံး က အတော်စွမ်းတာပဲ၊ ကျွန်တော့်အနေနဲ့လည်း လောလောဆယ် အိမ်ပေါ်က ဆင်းပေးဖို့မလိုသေးဘူး၊ အဲဒီ အတောအတွင်းမှာပဲ ကျွန်တော် အိမ်ထောင်ထပ်ကျသေးတယ် ဆရာကြီးရဲ့စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေးနဲ့ . . . ဒီ ကောင်မလေးရဲ့ အဆိုတော်နာမည်က “၂၁ရာစု သံသေး သံညောင်” တဲ့၊ ပန်းကုံးတွေ အတော်ရတယ် ဆရာကြီးရဲ့ . . . ၊ သူကတော့ အပျိုပါ၊ ကလေးလည်း မပါပါဘူး၊ ဒါပေမဲ့ ကြွေးတွေပါလာတယ်၊ ကြွေးက သိန်း (၁၀၀) လောက်ပါလာတယ်၊ ဘယ်တတ်နိုင်မလဲ ဆရာကြီးရယ်၊ ကျွန်တော် သီချင်းဆိုပြီး ဆပ်ရမှာပေါ့”
ဟု ပြောလေ၏။ ထို့နောက် ကျွန်ုပ်ကလည်း လိမ်လိမ် မာမာ သိုသိုသိပ်သိပ်နေရန် မှာကြားရလေ၏။ ထိုအခါ မောင်မိုးအောင်က-
“ဆရာကြီးရဲ့ ပန်းကန်ပြားပေါ် က စာ (၁၂)လုံးနည်းဟာ တခြားနေရာမှာရော သုံးလို့ရသလား . . .”
ဟု မေးလေ၏။
“ဉာဏ်ရှိသလို သုံးလို့ရတယ် ငါ့လူရေ. . .”
ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မိုးအောင်လည်း ဝမ်းသာ ကြည်နူးစွာ ပြန်သွားလေတော့သည်။ တစ်ပတ် ခန့်ကြာသောအခါ ၄င်းအနေနှင့် မင်းသားအဖြစ်ပါသော ဗွီဒီယိုကားတစ်ကား၏ ဖိတ်စာတစ်စောင် လာ၍ပေးလေတော့၏။
“ကားနာမည်လည်း ပြောပါဦးကွ. . . "
ဟု ကျွန်ုပ်က မေးလိုက်ရာ မောင်မိုးအောင်က- “နောက်ဆုံးအသက်. . .”
ဟု ပြန်၍ဖြေကာ ကျွန်ုပ်က နှုတ်ဆက်၍ ပြန်သွား လေတော့သတည်း။
#မင်းသိင်္ခဗေဒင် crd##