ပြန်လာစေသော စာရွက်ကလေးတစ်ရွက်

ပြန်လာစေသော စာရွက်ကလေးတစ်ရွက်



ပြန်လာစေသော စာရွက်ကလေးတစ်ရွက်
******************************************
တစ်နေ့မှာ ကျွန်ုပ်ထံသို့ မိန်းကလေးတစ်ဦး ရောက်လာ၏။ ထိုမိန်းကလေးသည် ကြိမ်ဖန်များစွာ ငိုထားရသောကြောင့် မျက်လုံးများမှာ အစ်၍နေ၏။
“အဘရယ်. . . ကယ်ပါဦး၊ သမီးရဲ့ယောက်ျား အိမ်နား က မိန်းမတစ်ယောက်နဲ့ လိုက်ပြေးလို့၊ သမီးမှာ ကလေးတစ် ယောက်နဲ့ ဒုက္ခရောက်နေရပြီ . . . “
ဟု ပြောလေ၏။ ပြောရင်းနှင့်လည်း တရှုံ့ရှုံ့ ငိုနေလေတော့၏။ ထို့ကြောင့် နှစ်သိမ့်စကားပြောရလေ၏။ ထိုအခါမိန်းကလေးက -
“အဲဒီမိန်းမကလည်း လွတ်လွတ်လပ်လပ် မဟုတ်ဘူး၊ ယောက်ျားရှိတယ် အဘရဲ့. . .”
ဟု ပြောလျှင်-
“ဒီလိုရှိတယ် မိန်းကလေး၊ အခု စာရွက်တစ်ရွက်ပေါ်မှာ ဂါထာတစ်ပုဒ်ရေးပေးလိုက်မယ်၊ အဲဒီ ဂါထာစာရွက်ကလေးကို ဖယောင်းတိုင်တစ်တိုင်မှာပတ်၊ ပန်းကန်ပြားတစ်ချပ်ခံပြီး ထွန်းလိုက်ပေတော့. . . ၊ ထွန်းတဲ့အခါမှာ မင်းယောက်ျား အိပ်တဲ့ အိပ်ရာမှာ ထွန်း. . . ကြားလား. . . ”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“သမီးယောက်ျားက သမီးနဲ့အတူ အိပ်တာပဲ အဘရယ်
ဟု ပြန်၍ ဖြေလေ၏။
“အဲဒီလိုဆိုလည်း အဲဒီအိပ်ရာမှာပဲ ထွန်းလိုက်၊ အဲဒီ နည်းက အဘရဲ့နည်းမဟုတ်ဘူးကွယ့်. . . ၊ ဒိဗ္ဗစက္ခု ဆရာကျော်ဆိုတာ ရေးသွားတဲ့ ကျမ်းစာအုပ်က နည်းကွဲ့ . . . ၊ ထွက်သွားတဲ့လူတွေ အမြောက်အမြားကို ဒီနည်းနဲ့ပဲ ပြန်ခေါ်ဖူးတယ်၊ ခေါ်သမျှမှာ မလာတဲ့လူ မရှိသေးဘူး. . .”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
ထိုမိန်းကလေးလည်း ကျွန်ုပ်ပေးသော စာရွက်ကလေး ကို ယူကာ ဝမ်းမြောက်စွာဖြင့် ပြန်သွားလေ၏။ (၃)ရက်ခန့်ကြာသောအခါ ကျွန်ုပ်ထံသို့ ပြန်ရောက်လာလေ၏။
“ပြန်လာပြီအဘ. . . ၊ ဟိုမိန်းမရဲ့ယောက်ျားက ခိုးမှုနဲ့ ဖမ်းမယ်ဆိုတော့ သူလည်းလန့်ပြီး အဲဒီမိန်းမကို ထားပြီး အိမ်ပေါ်ပြန်တက်လာတာပဲ . . . “
ဟု ဆိုကာ ကျွန်ုပ်အား ကျေးဇူးတင်လွန်းသဖြင့် ဘီစကွတ် အကျိုးတစ်ထုပ်ကို ကန်တော့ပြီးလျှင် ပျော်ရွှင်စွာ ပြန်သွားလေတော့၏။ ပြန်ခါနီးတွင် ထိုမိန်းကလေးက-
“ဘယ်သူ ထွက်သွားထွက်သွား. . . ၊ ဒီနည်းနဲ့ရသလား . . .”
ဟု မေးသွားလေ၏။
“ဒီမှာ မိန်းကလေး. . .၊ ဘယ်သူပဲဖြစ်ဖြစ် ဘာ အကြောင်းနဲ့ပဲ ထွက်သွား ထွက်သွား. . . ၊ ပြန်ကိုလာရတယ် ကလေးမရေ . . . ၊ ကျုပ်တစ်သက်လုံး သုံးနေတာ ဒီစာရွက်
ကလေးပဲ. . .”
ဟု ပြောလိုက်လျှင် မိန်းကလေး သည် ပြုံးဖြဲဖြဲဖြင့်-
“အိမ်ကကောင်. . . ဒီတစ်ခါ ထွက်သွားရဲ ထွက်သွားကြည့် . . . ၊ ဒါလေးထွန်းလိုက်မယ်. . .”
ဟု ပြောသွားလေတော့၏။
#မင်းသိင်္ခဗေဒင်  crd###