မြောက်ဒဂုံမြို့နယ်ရဲ့ အိမ်ခြံမြေ လောကထဲမှာ ခေတ်ထနေတဲ့ လုပ်စားဈေးကွက်

မြောက်ဒဂုံမြို့နယ်ရဲ့ အိမ်ခြံမြေ လောကထဲမှာ ခေတ်ထနေတဲ့ လုပ်စားဈေးကွက်


လွန်ခဲ့သောနှစ်ပတ်ခန့်က မိတ်ဆွေတစ်ဦးမှမြောက်ဒဂုံမှာ မြေနှင့်အိမ်ဝယ်လိုကြောင်း၊ဈေးနှုန်းနှစ်ဘက် ညှိနှိုင်းပြီးပြီမို့စာရွက်စာတမ်း လိုက်စစ်ဆေးပြီး စရံပေး စာချုပ်ချုပ်ပေးပါရန် အလုပ်အပ်သဖြင့်၊ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

အကျိုးဆောင်မှ ကျွန်တော့်မိတ်ဆွေအား ဂရန်အမည်ပေါက်မှ ရောင်းမည် ဖြစ်ကြောင်းပြောပါတယ်။ ကျွန်တော်နှင့် ကျွန်တော့မိတ်ဆွေတို့အတူ အိမ်ခြံမြေအကျိုးဆောင်၏ရုံးခန်းသို့သွားရောက်ခဲ့ကြပါတယ်။
အကျိုးဆောင်ရဲ့ ရုံးခန်းသို့ ရောက်သောအခါ မြေကွက်ပိုင်ရှင်ဆိုသူနှင့် မိတ်ဆက်ပေးပါတယ်။

ကျွန်တော်မှထိုသူအား စာရွက်မူရင်းများပြသပေးရန်ပြောသောအခါ၊ ပိုင်ရှင်ထံတွင်လိုက်ကြည့်နိုင်ကြောင်း ယခု မိတ္တူသာရှိကြောင်း အရောင်းအဝယ်အတွက် စရန်ချပြီးပါက မူရင်းစာရွက်စာတမ်းအား လိုက်ပြပါမည်ဟုပြောပါတယ်။

ကျွန်တော်မှ ဒါဆိုရင်ခင်ဗျားကပိုင်ရှင်မဟုတ်ဘူးပေါ့လို. မေးတော့ .. အဆိုပါရောင်းသူမှ သူကဝယ်ထားပြီး တဆင့်ပြန်ရောင်းခြင်းဖြစ်ကြောင်းပြောပါတယ်။

ဒါဆို ခင်ဗျားဝယ်ထားတဲ့စာချုပ်ပြဆိုတော့ မပြဘူးလို့ပြောပါတယ်။
ဒါဆို ခင်ဗျားမှာ ပိုင်ရှင်က ပေးထားတဲ့ကိုယ်စားလှယ်လွှဲစာရှိလားလို့ မေးတော့လည်း မရှိဘူးလို့ပြောပါတယ်။
ရောင်းသူက ပိုင်ရှင်လည်းမဟုတ်၊ ပိုင်ရှင်ထံက ကိုယ်စားလှယ်လွှဲစာရထားသူလည်းမဟုတ်၊ ပိုင်ရှင်ထံမှ ဝယ်ယူရန် စရံပေးစာချုပ်ချုပ်ဆိုထားသူလည်းမဟုတ်ပေ။

၎င်းမြေနှင့်ပတ်သက်‌ပြီး ပိုင်ဆိုင်သည့်အထောက်အထားတခုမှမပြသနိုင်ပေ။
ထို့ကြောင့်ကျွန်တော့မိတ်ဆွေအား မဝယ်ရန်ပြောသောအခါ၊ ထိုရောင်းချသူမှ သူ့ကိုယုံကြည်နိုင်ပါကြောင်းပြောပါတယ်။

အကျိုးဆောင်မှလည်း သူ အာမခံကြောင်း၊ သူ အကျိုးဆောင်လုပ်လာတာကြာပြီဖြစ်ကြောင်း၊ လမ်းဘေးပွဲစား မဟုတ်ကြောင်း ရုံးခန်းနှင့်အခိုင်အမာဆောင်ရွက်နေသူဖြစ်ကြောင်း ပြဿနာအရှုပ်အရှင်းဖြစ်လာပါက အကျိုးဆောင်မှ မိမိတာဝန်ယူဖြေရှင်းပေးပါမည်ဟု အာမခံ‌ ပြောကြားပါသည်။

ကျွန်တော်တို့ရှေနေများအနေဖြင့်စာရွက်စာတမ်းခိုင်မာမှု နှင့် အလုပ်အပ်နှံသူရဲ့ အကျိုးစီးပွာ းမထိခိုက်စေရန်သာ ဆောင်ရွက်ပေးပါတယ်။ ထို့ကြောင့်မဝယ်ပေးပဲပြန်ခဲ့ပါတယ်။

ထိုဖြစ်စဉ်မျိုးနှင့် အလားတူကိစ္စများ အခုတလော မကြာခဏကြုံ‌နေရပါသဖြင့် မိတ်ဆွေများ သတိထားနိုင်ရန်တင်ပြခြင်းသာဖြစ်ပါတယ်။မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေသောအိမ်ခြံမြေအကျိုးဆောင်များ အများအပြားရှိပါတယ်။ ၎င်းတို့ကိုမဆိုလိုပါ။

ကျွန်တော်ခန့်မှန်းမိသည်မှာ ကျွန်တော်တို့ကစရံပေးစာချုပ်ချုပ်မှ ကျွန်တော်တို့စရံပေးသောငွေဖြင့် ပိုင်ရှင်ထံစာချုပ်သွားချုပ်ပြီး၊ ပိုသောအမြတ်ငွေကို ထုတ်ယူသွားမည့်ပုံဖြစ်ပါတယ်။

အိမ်ကိုင်အကျိုးဆောင်မှ ဈေးတင်ရောင်းခြင်း ပုံစံတမျိုးသာဖြစ်ပြီး တာဝန်ယူမှု့ တာဝန်ခံမှုမရှိသော အရောင်းအဝယ်သာဖြစ်ပါသည်။

ပြဿနာတစ်စုံတရာ ပေါ်ပေါက်ပါက ဝယ်ယူသူသာလျှင် နစ်နာမည့် အရောင်းအဝယ်ဖြစ်ပါသည်။
ထို့ကြောင့် မိတ်ဆွေများအမှားကင်းစွာဖြင့်ဝယ်ယူနိုင်ကြပါစေ။

UTO( UTZ Lawfirm )