“ပြင်ဦးလွင်က ပုံစံငယ်ဖန်တီးသူ ရွက်ပုံးသီးလူငယ်”


ငယ်စဉ်အခါက ကိုရန်နိုင်နေထိုင်တဲ့ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာလေးမှာ ကလေးတွေအဖို့ ဆော့ကစားစရာအရုပ်ရယ်လို့ များများစားစား မရှိလှပါဘူး။ ကိုရန်နိုင်ဟာ ကလေးဘဝမှာ ကစားဖို့ရာ ရေခဲချောင်းက ဝါးတုတ်လေးတွေနဲ့ နွားလှည်းလေးတွေ ဖန်တီးပြုလုပ်လေ့ရှိပါတယ်။

အသက်၁၂နှစ်သားအရွယ်မှာ ပြင်ဦးလွင်၊ အုန်းချောကျေးရွာကို ပြောင်းရွေ့ခဲ့ရင်း ဒေသမှာဝါးအမျိုးအစား ပေါများတာကြောင့် ဝါးကိုအသုံးပြုလို့ ပုံစံငယ်လေးတွေ ဆက်လက်ဖန်တီးခဲ့ပြန်ပါတယ်။
သူ့ရဲ့ ပုံစံငယ်လေးတွေဟာ သေသပ်လှပလွန်းလို့ လူကြီးတွေကတောင် ချီးမွမ်းလေ့ရှိကြပါတယ်။ ကိုရန်နိုင်ဟာ ဆော့ကစားဖို့ အရုပ်ပြုလုပ်ရာကနေ ဝါသနာပါလာပြီး တစိုက်မတ်မတ်ပြုလုပ်ခဲ့ရာ ပြောင်မြောက်လှတဲ့ ပုံစံငယ်များစွာကို အုန်းချောကျေးရွာက ဒေသထွက်ဝါးကို အဓိကထားလို့ ဖန်တီးနိုင်ခဲ့ပါတယ်။

“ရွာဘက်ဆိုတော့ ကလေးကစားစရာပစ္စည်းတွေက မြို့ပေါ်တွေမှာလို အဆင်သင့်ဝယ်လို့မရပါဘူး။ မိဘတွေက အဆင်မပြေကြတော့ ကစားစရာကို ကိုယ်တိုင်ပဲ လုပ်ရပါတယ်။ ကျွန်တော်တို့ဘက်က တောင်ခြေတွေမှာ ဝါးပင်တွေရှိတော့ ဝါးနဲ့သားရေကွင်းကိုသုံးပြီး လှည်းလေးတွေလုပ်တယ်။ ရွှံ့နဲ့နွားရုပ်လေးတွေလုပ်တယ်။ အဲဒီကနေစပြီး ဝါသနာပါလာခဲ့တာပါ” လို့ ပုံစံငယ်ပြုလုပ်သူ လူငယ်ကိုရန်နိုင်က ပြောပါတယ်။


အဲဒီအချိန်က ရွာကသူ့သူငယ်ချင်းတွေကတော့ လှည်းပုံစံပေါ်လွင်ရုံသာ ဝါးလုံးလေးတွေနဲ့ ပြုလုပ်ပြီးဆော့ကြပါတယ်။ ကိုရန်နိုင်ကတော့ လှည်းအိမ်မှာပါတဲ့ လက်တန်းကစလို့ အသေးစိတ်သေချာပြုလုပ်ပြီး သူ့ဗီဇကို ပြသခဲ့ပါတယ်။ ဒေသထွက်ဝါးအပြင် စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ကိုကာကိုလာအချိုရည်ဗူးခွံ၊ သွပ်နန်းကြိုးနဲ့ သွားကြားထိုးတံ တွေကို အသုံးပြုလို့ ကျေးလက်အိမ်၊ မော်တော်ကား၊ အီဖယ်မျှော်စင်၊ လှေ၊ စက်ရုပ်စတဲ့ ခက်ခဲတဲ့ ပုံစံငယ်မျိုးစုံကို ဖန်တီးပါတော့တယ်။

“အစတုန်းကတော့ ကစားဖို့သတ်သတ်ပဲ သူများနည်းတူလုပ်ခဲ့တာ။ ကျွန်တော်လုပ်ခဲ့တဲ့ ပုံစံငယ်တွေကို ကြည့်ပြီးကျေနပ်မိတာက အရသာတစ်ခုလို ဖြစ်လာတယ်။ ပြီးတော့ ဒီအပေါ်မှာစိတ်ပါလာတယ်။ ဖန်တီးတာတွေကို ပြန်ကြည့်ပြီး အဲဒီထဲမှာစီးမြောခံစားရင်း ဝါသနာပါလာတာပါ” လို့ သူကပြောပါတယ်။

ဝါးကိုအသုံးပြုလို့ ပုံစံငယ်တွေကို အသေးစိတ်ဖန်တီးရတာ မလွယ်လှပါဘူး။ ဝါးပုံစံငယ်တစ်ခုကို အချောသပ်ဖို့ အပေါ်ယံလွှာကို ကော်ပတ်စားရင်တောင် အောက်ဘက်အလွှာတွေကနေ အမျှင်တွေထွက်တာကြောင့် ချောမွတ်တဲ့ လက်ရာဖြစ်ဖို့ခက်ခဲပါတယ်။ မလွယ်ကူပေမယ့် ပြီးစလွယ်မလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ သေသပ်လှပတဲ့အရာတစ်ခုဖြစ်လာအောင် စေတနာထား ဖန်တီခဲ့တာချည်းဖြစ်ပါတယ်။


ကျောက်ခွဲစက်အလုပ်ကို အသက်မွေးဝမ်းကြောင်းအနေနဲ့လုပ်ကိုင်နေပေမယ့် သူဝါသနာပါတဲ့ ပုံစံငယ်တွေကို ဖန်တီးနေချိန်ဆို ထမင်းစားဖို့တောင် မေ့နေတတ်ပါတယ်။

“ပုံစံငယ်လုပ်နေချိန်ဆို ထမင်းမေ့ဟင်းမေ့ပဲ။ မနက်ကစလုပ်ပြီဆို နေ့လည်စာ မစားဖြစ်ဘဲ ညရောက်လို့မှောင်မှ ရပ်လိုက်ရတာမျိုးတွေ။ သူငယ်ချင်းတွေ ဖုန်းဆက်ရင်လည်း ကိုင်ချင်မှကိုင်တာ။ ဒါကိုလုပ်နေပြီဆို တခြားဟာတွေကို လုံးဝအာရုံမရဘူး။ ကျွန်တော်ဖန်တီးနေတဲ့အရာတစ်ခုခု မပြီးမခြင်း အိမ်ကလူတွေ ဘာခိုင်းခိုင်းမလုပ်ဘူး” လို့ သူကရယ်မောရင်းပြောပါတယ်။

နှစ်ကာလကြာမြင့်လာတာနဲ့အမျှ လက်ရာတွေပြောင်မြောက်လာပေမယ့် သူ့ရဲ့ဖန်တီးမှုတွေက လူသိနည်းခဲ့ပါတယ်။ အဲဒီအတွက် ရွက်ပုံးသီး ပုံစံငယ်ဖန်တီးသူ ကိုရန်နိုင်က အားမလိုအားမရတော့ ဖြစ်နေမိပါတယ်။ ကိုယ်ပိုင်အိမ်ခန်းလည်းမရှိသေးဘဲ အဒေါ်တွေအိမ်မှာပဲ နေရသူဖြစ်တာကြောင့် နှစ်ပေါင်းများစွာ သူပြုလုပ်လာတဲ့ ပုံစံငယ်တွေက ပျောက်ဆုံး၊ ပျက်ဆီးမှုတွေရှိတာကြောင့် သူ့လက်ရာလေးတွေကို တခုတ်တရ ထိန်းသိမ်းချင်သူတွေ လက်ထဲမှာရှိစေချင်နေပါတယ်။



“ကျွန်တော်လုပ်တဲ့အရာတွေမှာ အနုစိတ်၊ အသေးစိတ်ကစပြီး လုပ်တယ်။ ကျွန်တော့်ရဲ့လက်ရာတွေကို ပြန်ကြည့်ပြီး ကြည်နူးရတဲ့အရသာကို နှစ်သက်လို့ ပြန်ရောင်းချင်တဲ့ဆန္ဒတော့ မရှိပါဘူး။ ထားစရာနေရာလည်း နေရာမရှိတာကြောင့် ကျွန်တော့်လက်ရာလေးတွေက မကြာခင်မှာပဲ ပျက်ဆီးသွားတတ်တယ်။ ဒါကြောင့် တန်ဖိုးထားတဲ့သူ၊ အမြတ်တနိုးထားသူတွေရဲ့ လက်ထဲကိုရောက်စေချင်တယ်။ ဒါပေမယ့် ဘယ်သူမှတော့ စိတ်ဝင်တစား လာမေးကြတာတော့ မရှိကြသေးဘူး” လို့ ကိုရန်နိုင်ကပြောပါတယ်။

ဒီရွက်ပုံးသီးပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရန်နိုင်ဟာ ကိုယ်နေထိုင်ရာနေရာ၊ ကိုယ်မြတ်နိုးတဲ့အလုပ်အကိုင်တွေကို ပုံဖော်ပေးမယ့် အိမ်၊ မော်တော်ကား၊ ဆိုင်ကယ်၊ အပ်ချုပ်စက် စတဲ့အမှတ်တရအရာတွေကို ထပ်တူကျတဲ့ ပုံစံငယ်မျိုးတွေကိုလည်း ဖန်တီးပေးချင်နေပါတယ်။crd###




Comments