ငွေရေးကြေးရေး အခြေအနေ ဘယ်လိုရှိမလဲ

ငွေရေးကြေးရေး အခြေအနေ ဘယ်လိုရှိမလဲ




Pile 1
ငွေရေးကြေးရေးပိုင်းမှာ ကံအရတော့ အဆင်ပြေနေပါတယ်တဲ့။ လက်ရှိထိအထောက်အပံ့ပေးနေတာကလည်း ကုသိုလ်ကံအရှိန်အဟုန်ပါပဲတဲ့။ စီးပွားရေး ငွေရေးကြေးရေး ကံကောင်းတဲ့အချိန်ဖြစ်ပေမဲ့လို့ ကိုယ့်ဆီမှာ လိုအပ်နေတာက လက်တွေ့ကျတဲ့ Plan တစ်ခုပါပဲ။

ဝင်ငွေထွက်ငွေကို သေချာစီမံတတ်ဖို့၊ မလိုအပ်တာတွေအပေါ် စိတ်အလိုလိုက်ပြီး ပိုက်ဆံမဖြုန်းမိဖို့အရေးကြီးပါတယ်။ လိုအပ်တဲ့အချိန် လိုအပ်သလောက်သုံးပြီး သေချာစိစစ်ပါ။ ငွေကြေးကံကောင်းတာကြောင့် စီးပွားဖြစ်မဲ့အချိန်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ ကံဘယ်လောက်ကောင်းနေနေ ကိုယ့်ရဲ့ စီမံခန့်ခွဲနိုင်မှုက အခရာကျပါတယ်။ သေချာဂရုစိုက်ပေးပါ။ ဒီကြားထဲမှာ အကြွေးတွေရှိနေရင် မကြာခင် ကြေနိုင်ပါလိမ့်မယ်။ ကံကောင်းနေပြီမလို့ ဉာဏ်နဲ့ ဝီရိယဖြည့်ပေးဖို့လိုအပ်ပါသတဲ့။

ကိုယ်သာသေချာ လုပ်ကိုင်သုံးစွဲတတ်မယ်ဆိုရင် ကိုယ်ဆန္ဒရှိထားတဲ့အရာတွေ သေချာပေါက်ပြည့်ပါလိမ့်မယ်။ လူကြီးသူမတွေ အကြီးအကဲတွေကဆီက မုန့်ဖိုးရတာ၊ အထောက်အပံ့ရတာမျိုးတွေလည်းရှိတတ်ပါတယ်။ ကံကောင်းတယ်ဆိုပေမဲ့လည်း ဒါနပြုဖို့တော့ မမေ့ပါနဲ့။


Pile 2

ငွေရှာနိုင်တဲ့ ကာလကိုကြုံတွေ့ရပါမယ်။ အရင်ကထက် ဝင်ငွေတိုးနေတာ၊ ငွေရပေါက်ရလမ်းများနေတာတွေရှိလာပါလိမ့်မယ်။ ကိုယ့်ရဲ့ ဝါသနာကြောင့် ဝင်ငွေရတာမျိုးတွေရှိနိုင်လာမယ်။ ကိုယ်အလုပ်လုပ်ဖို့ တက်ကြွရင် တက်ကြွသလောက် ငွေဝင်မဲ့လမ်းကြောင်းကို ရှာတွေ့နိုင်ဖို့ရှိပါတယ်။

ဒီလူတွေက ကံအရတော့ အထစ်အငေါ့လေးရှိနေတတ်ပါတယ်။ အလိမ်ခံရတာ၊ ပိုက်ဆံပျောက်တာ၊ ပစ္စည်းပျောက်တာတွေရှိနိုင်တာမလို့ ဂရုစိုက်ပေးပါ။ ဒါပေမဲ့ လုံးဝဆုံးရှုံးရတာမျိုးမဟုတ်ပါဘူး။ အဆိုးထဲကအကောင်း ကြုံရတာမျိုးတွေရှိပါလိမ့်မယ်။

တစ်ချို့ကာလမှာတော့ ငွေရေးကြေးရေး ရသင့်သလောက်မရနေတဲ့ကိစ္စလေးတွေရှိနိုင်လိမ့်မယ်။ အဲ့လိုဖြစ်နေတယ်ဆိုရင်တော့ ကံမြှင့်ဖို့လိုအပ်နေတာပါပဲ။ ရေအလှူကုသိုလ်များများပြုပေးပါ။ အဲ့လိုဆိုရင် ပိတ်နေတဲ့ကံတွင်ပွင့်လာဖို့ရှိပါတယ်။

ကုသိုလ်ကောင်းကောင်းလုပ်ပါ။ စိတ်ကောင်းကောင်းထားပါ။ ဘဝကိုကျေးဇူးတင်စိတ်နဲ့ဖြတ်သန်းပါ။ မင်းအတွက်က သူ့ဟာနဲ့သူအဆင်ပြေသွားဖို့ရှိပါတယ်။

Riskယူရမှာကိုတော့ ကြောက်မနေပါနဲ့တဲ့


Pile 3

ဒီ Pile ရွေးသူတစ်ချို့မှာ အမွေကိစ္စပြသာနာလေးတွေရှိမယ်ဆိုရင် သိပ်မကြာခင်ပြေလည်ဖို့ရှိပါတယ်။ တစ်ချို့တွေအနေနဲ့တော့ အလုပ်အကိုင်ပြောင်းရဖို့ဖြစ်နေတာကြောင့် လတ်တလောငွေကြေးကိုချင့်ချိန်နေရတာလေးတွေမြင်မိပါတယ်။ ငွေကြေးအရ အနည်းငယ် ကျဥ်းထဲကြပ်ထဲအခြေအနေရှိနေနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရှေ့လျှောက်မှာတော့ လမ်းကြောင်းအတည့်ပေါ်ရောက်လာဖို့ ရှိပါတယ်။ ငွေကြေးစိတ်ပူနေရတဲ့ကိစ္စတွေရှိနိုင်ပေမဲ့ စိတ်မပျက်ပါနဲ့။ လုပ်နိုင်တာကိုအကောင်းဆုံးလုပ်ပါ။ အရှုံးမပေးဘဲ နည်းလမ်းရှာပါ။ မင်းရဲ့ကြိုးစားမှုက အကျိုးပေးပါလိမ့်မယ်။

အလုပ်ပြောင်းဖို့စဥ်းစားနေတဲ့သူတွေအတွက် စိတ်ပြတ်ပြတ်သားသားလုပ်နိုင်ဖို့လိုပါတယ်။ စီးပွားရေးဆုံးဖြတ်ချက်ချဖို့လိုနေတဲ့သူတွေကလည်း ဟိုလည်းဆွဲထား ဒီလည်းကိုင်ထားမလုပ်ပဲ တစ်ခုဆို တစ်ခု Focusထားကြိုးစားသင့်ပါတယ်။

ခက်ခဲနေတဲ့အချိန်တွေကို နောင်တစ်ချိန်မှာ တည်ငြိမ်ကောင်းမွန်နိုင်ဖို့ ကျော်ဖြတ်ရမှာဖြစ်ပါတယ်။