မင်းရဲ့ ကံကြမ္မာဖတ်သူနဲ့ တွေ့ဆုံမှု

မင်းရဲ့ ကံကြမ္မာဖတ်သူနဲ့ တွေ့ဆုံမှု




Pile 1
တိတ်ဆိတ်တဲ့ တောတောင်တန်းတစ်နေရာမှာဖြစ်မယ်။ ဝင်းဝါပြီးမွှေးကြိုင်နေတဲ့ သရက်သီးတွေသီးနေတဲ့ သစ်ပင်ကြီးအောက်မှာ သစ်ခေါက်ဆိုးအထည်ဝတ်ထားတဲ့ ရွှေညိုရောင်ဆံပင်နဲ့ ဦးလေးကြီးတစ်ယောက်က သူ့လက်ထဲက ပုတ်သင်ညိုတစ်ကောင်ကိုပွတ်သပ်ပြီး ခပ်အေးအေးပဲထိုင်နေတယ်။ သစ်ပင်ရဲ့အမြစ်ဆုံတွေက သူနဲ့ရောထွေးနေပြီး တစ်သားတည်းလို့ထင်ရမလိုပါပဲ။ သူဘေးနားမှာ အစိမ်းဖျော့ရောင်နဂါးသေးလေး တစ်ကောင်က ငြိမ်ငြိမ်လေးအိပ်နေတယ်။ နေရောင်သဲ့သဲ့ကဖြာကျနေပါသေး။

သူက မင်းကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချတယ်။ ပြီးတော့ မင်းအတွက် ကံကြမ္မာတစ်ခုကိုစဖတ်တယ်။

မင်းရဲ့ဘဝက အရမ်းပဲ ပြင်းထန်ပါလိမ့်မယ်။ ဝရုန်းသုန်းကားဆန်တယ်။ အချိန်တစ်ခုအတွင်းမှာ အများပြီး ဖြစ်ပျက်ပြိုကွဲကြုံရလိမ့်မယ်။ အကောင်းတွေနေတုန်း အဆိုးလာပြီး သိပ်မကြာခင်မှာပဲ အကောင်းတစ်ခုကို ထပ်ကြုံရပြန်တာမျိုး။

မင်းဟာ ကျေနပ်ပြည့်ဝမှုကို သိပ်ပြီးမခံစားရဘူး။ မင်းဘဝကို ကျေနပ်သလို မကျေနပ်သလိုလို ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်းမသိတာတွေများပါလိမ့်မယ်။ မင်းက ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေချင်နေတယ်။ မင်းရဲ့အရင်ဘဝက အေးအေးငြိမ့်ငြိမ့်ရှိခဲ့တာမျိုးမဟုတ်ဘူး။ အဲ့ဒီတုန်းက စိတ်ရဲ့လစ်ဟာမှုတွေက အခုထိ မင်းဆီပါလာနေတုန်းပဲ။ ဒါပေမဲ့ ဒီဘဝမှာတော့ စိတ်ရဲ့အေးချမ်းမှုကို နောက်ဆုံးမှာ မင်းတွေ့ရှိရလိမ့်မယ်။

မင်းရဲ့ အကောင်းအဆိုးလမ်းကြောင်းတွေက ပြင်းထန်လွန်းတယ်။ အဲ့တာကြောင့် မင်းရဲ့ လုပ်ဆောင်မှုတွေအလျောက် မင်းဟာ အတော်ဆုံး အထက်ဆုံးလူတစ်ယောက်ဖြစ်လာနိုင်သလို အဆိုးဆုံး ယုတ်ညံ့ဆုံးလူတစ်ယောက်လည်းဖြစ်လာနိုင်တယ်။ ငွေဆိုလည်း များများရသလောက် များများထွက်လိုက်ဖြစ်နေတာမျိုး။ မင်းမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကောင်းဖို့လိုအပ်တယ်။ မဟုတ်ရင် ဘဝမှာ အကျများတတ်တယ်။ ဒေါသစိတ်ကတာရှည်တတ်တယ်။ ရည်မှန်းချက်ကြီးလိမ့်မယ်။ အောင်လည်းအောင်မြင်လိမ့်မယ်။ မင်းဟာ အားသွန်ခွန်စိုက်ကြိုးစားလိမ့်မယ်။ ကြိုးစားရင်းသတိမထားရင်တော့ သူများထက် အကျနာတတ်တယ်။

မင်းဘဝမှာ ထူးထူးခြားခြားစွဲမှတ်မိနေမဲ့ လူခုနှစ်ယောက်ကြုံရနိုင်တယ်။ အနည်းဆုံး ငါးယောက်ကိုမင်းတွေ့ဆုံရလိမ့်မယ်။ အဲ့လူတွေက မင်းအတွက် ဘဝသင်ခန်းစာတွေကိုတစ်ယောက်တစ်မျိုး သင်ပြပေးကြလိမ့်မယ်။ သူတို့က အရင်ဘဝတွေမှာ မင်းရဲ့မိသားစုဝင်တွေဖြစ်ခဲ့ဖူးပါတယ်။

မင်းဟာ အနာဂတ်ကာလမှာ အတွင်းစိတ်ဉာဏ်အလင်းပွင့်ခြင်းကိုကြုံတွေ့ရနိုင်တယ်။ အဲ့ဒီအချိန်မှာ မင်းရဲ့ ဘဝနေထိုင်နည်းတွေက အရိုးရှင်းဆုံးဖြစ်သွားကြလိမ့်မယ်။ အဲ့ဒီအချိန်က မင်းရဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုကိုရှာတွေ့တဲ့အချိန်ပါပဲ။

လတ်တလောမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုလာဖို့ရှိတယ်။ မင်းဘဝအတွက် အချိုးအကွေ့တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ အနည်းငယ်တော့မင်းစိတ်ညစ်ရနိုင်တယ်။ ဒါပေမဲ့ ဒါက မင်းဘဝမြေပုံထဲက အမှတ်အသားတစ်ခုဖြစ်ဖို့ရှိလာမဲ့အရာပါပဲ။ မင်းအတွက် အသစ်ဖြစ်နေမဲ့ တစ်စုံတစ်ရာကို လုပ်ကိုင်ရဖို့ရှိတယ်။ အိမ်အသစ်/ကျောင်းအသစ်/အလုပ်အသစ်/အချစ်အသစ်/မိတ်ဆွေအသစ် တစ်မျိုးမျိုးပေါ့။ လအနည်းငယ်အတွင်းမှာပဲ မင်းဆီရောက်လာပါလိမ့်မယ်။


Pile 2

ဝါးရုံတောဟာ လေယူရာယိမ်းနေတယ်။ တရှဲရှဲမြည်နေတဲ့ လေတိုးသံတွေရယ် သစ်ရွက်ခြောက်တွေပေါ်နင်းမိနေတဲ့မင်းရဲ့ခြေသံတွေရယ်။ ဝါညို့ရောင်ဝါးရွက်တွေဟာ လေညို့ရာ လမ်းကြောင်းတစ်ခုအတိုင်း လွင့်ပါသွားကြတယ်။ အဲ့ဒီနောက်ကို လိုက်သွားကြည့်တဲ့အခါ မြေကွက်လပ်တစ်ခုမှာ ရန်စောင်နေတဲ့ မြေခွေးနှစ်ကောင်ကိုတွေ့ရတယ်။ အနီရောင်မြေခွေးရယ် မီးခိုးရောင်မြေခွေးရယ်။ အဲ့ဒီမြေခွေးနှစ်ကောင်က တစ်ကောင်ကိုတစ်ကောင်မာန်ဖီနေကြရင်း မင်းကိုမြင်တဲ့အခါ မင်းရဲ့ ဘယ်တစ်ဖက်ညာတစ်ဖက်စီမှာ လာထိုင်ကြတယ်။

မင်းရဲ့ ဘယ်ဘက်ကိုလာထိုင်တဲ့ အနီရောင်မြေခွေးက မင်းရဲ့ ကံကြမ္မာကို စပြောပြတယ်။ သူရဲ့နားရွက်တွေက ရှည်ရှည်ချွန်ချွန်နဲ့။

မင်းက မျက်နှာနှစ်ဖက်ရှိတဲ့ လူမျိုးဖြစ်တယ်။ အဆိုးစိတ်အကောင်းစိတ်မင်းမှာ ဒွန်တွဲနေတယ်။ မိသားစုကို ချစ်တဲ့စိတ်လည်းရှိသလို မင်းရဲ့မိသားစုကို ဘာမှလှည့်မကြည့်တော့ပဲ ထွက်ခွာသွားချင်နေတဲ့စိတ်လည်းရှိလိမ့်မယ်။ မင်းစိတ်ထဲက အဆိုးနဲ့ အကောင်းကို မင်းရှင်းရှင်းလင်းလင်းသိမြင်တယ်။ အကျိုးအကြောင်းတရားတွေကို နားလည်ထားပြီးတာမလို့ မင်းက အဆိုးတစ်ခုခုကို လုပ်ဖို့ တွန့်ဆုတ်နေလိမ့်မယ်။ ကိစ္စသေးသေးလေးမျိုးဆိုရင်တောင် တစ်ကိုယ်ကောင်းဆန်ဖို့ဝန်လေးတယ်။

ကောင်းတဲ့အရာတွေကိုပဲ အများသူငှာကိုမင်းပေးတယ်။ မင်းရဲ့တကယ့်ဆန္ဒတွေကို လျစ်လျူပြုထားရတယ်။ မင်းကိုယ်တိုင်က မင်းစိတ်ကြိုက်လုပ်ချင်တယ်ဆိုရင်တောင် မင်းလုပ်မှာမဟုတ်ဘူး။ မင်းဘေးက လူတွေအတွက် အရင်ကြည့်နေရလိမ့်မယ်။ မင်းမလုပ်ချင်ရင်တောင်မှ အဲ့ဒီ တာဝန်တွေကို မင်းအပေါ် အထပ်လိုက်ရောက်ရှိနေပြီးပြီ။ မင်းရဲ့ဘဝလမ်းမှာ မင်းလုပ်ချင်တဲ့အရာကိုလုပ်ရနိုင်ဖို့ မင်းရည်မှန်းချက်တွေဆီရောက်နိုင်ဖို့ခက်ခဲလိမ့်မယ်။ မင်းအရှုံးပေးလိုက်တာမျိုးတောင်ဖြစ်နိုင်တယ်။

ဒါပေမဲ့ မင်းဝမ်းနည်းရလည်းမတတ်နိုင်ပြန်ဘူး။ မင်းမှာ တာဝန်တွေအများကြီး သတ်မှတ်ခံထားရခဲ့ပြီ။ မင်းက ဒုတိယလမ်းကိုပဲ အများဆုံးရွေးချယ်ဖြစ်လိမ့်မယ်။ မင်းကမေတ္တာကိုရွေးမလား မင်းဆန္ဒကိုရွေးမလားဆိုတာ ဆုံးဖြတ်ရလိမ့်မယ်။

အနီရောင်မြေခွေးက သူ့လက်သူလျှာနဲ့သပ်ရင်း ခပ်အေးအေးရှိနေပြန်တယ်။ မင်းရဲ့ညာဘက်က မီးခိုးရောင်မြေခွေးက သူ့အမွှေးပွပွတွေကို ဝေ့ရမ်းနေတယ်။ အနီရောင်မြေခွေးနဲ့မတူလှပဲ သူ့နားရွက်တွေက ဘဲဥရှည်ပုံလို ခပ်ဝိုက်ဝိုက်ရှိတယ်။ သူက မင်းရဲ့ ကံကြမ္မာကို ဆက်ပြောပြတယ်။

မင်းဘဝမှာ လမ်းကြောင်းနှစ်ခုရှိတယ်။ ပထမလမ်းကြောင်းက မင်းလုပ်ချင်တဲ့ အလုပ်လမ်းကြောင်းတွေ ရည်မှန်းချက်တွေဆီရောက်မယ်။ ဒါပေမဲ့ မင်းဟာ မင်းရဲ့ မိသားစုကနေ ဝေးကွာရလိမ့်မယ်။ သွေးအေးသွားမယ်။ သင်းကွဲလိုမျိုးဖြစ်သွားမယ်။ ဒါပေမဲ့ မင်းလုပ်ချင်တဲ့အရာတွေအတွက် လွတ်လပ်သွားမယ်။

ဒုတိယလမ်းကြောင်းက မင်းရဲ့ရည်ရွယ်ချက်မဟုတ်တဲ့ တခြားလမ်းကြောင်းကို လျှောက်ရမယ်။ ဒါပေမဲ့ မင်းမိသားစုအတွက် ပိုအဆင်ပြေစေမယ်။ သူတို့ကိုထောက်ပံ့နိုင်မယ်။ ချစ်ခြင်းမေတ္တာတွေတော့ မင်းရရှိနိုင်မယ်။ ဒါပေမဲ့ မင်းဟာ အပြည့်အဝပျော်ရွှင်မှာတော့မဟုတ်ပြန်ဘူး။ မင်းမိသားစုဟာ အခုချိန်မှာ ပျော်စရာကောင်းချင်မှကောင်းလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ မိသားစုက မင်းကြောင့်ပျော်စရာကောင်းလာနိုင်ပါတယ်။

မြေခွေးက သူ့စကားကိုရပ်လိုက်တယ်။ မတင်မကျဖြစ်နေတဲ့မင်းကို ကြည့်တယ်။ တစ်ခုခုကိုစွန့်လွှတ်မှရမှာလားလို့ မင်းမေးလိုက်တယ်။

မြေခွေးနီက ဟုတ်တယ်။ တခြားလမ်းမရှိနိုင်ဘူး လို့ဖြေရင်း ဝါးရုံတောထဲဝင်သွားတယ်။ မီးခိုးရောင်မြေခွေးက ကျန်နေခဲ့သေးတယ်။ သူကပြောတယ်။

မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ မင်းတို့လူတွေပြောကြတယ်မလားတဲ့။