“​ရေချိုရှားတဲ့ရွာ”

“​ရေချိုရှားတဲ့ရွာ”


မကွေးမြို့က ကံဆွယ်ကျေးရွာလေးမှာ သောက်ရေအတွက် ရေချိုရှားပါးလွန်းလို့ ကျေးရွာရဲ့ နှစ်တွင်းတည်းသော ရေချိုထွက်ရှိရာ စမ်းတွင်းမှာ တစ်စက်ချင်းကျနေတဲ့ရေကို စောင့်ရင်းခပ်ကြရပါတယ်။ ဒါကြောင့် နေ့စဉ် သူတို့ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တစ်ဝက်လောက်က ရေတွင်းလေးနံဘေးမှာပဲ အလဟဿ ကုန်ဆုံးနေရပါတယ်။
မကွေး-အောင်လံ လမ်းမကြီးပေါ်၊ သစ်ရာကောက် - ကိုးပင် ဖြတ်လမ်းက ကံဆွယ်ရွာဟာ နွေအခါမှာ သောက်ဖို့အတွက် ရေချိုအလွန်ရှားပါးလှပါတယ်။ ကံဆွယ်ရွာမှာ ရေချိုထွက်တဲ့ စမ်းတွင်းနှစ်တွင်းရှိပြီး တွင်းကြီးကတော့ တစ်နေ့လုံးမှ ပီပါပုံး ၈ပုံးစာသာထွက်ပြီး တွင်းငယ်ကတော့ လေးပုံးစာသာ ရေချိုထွက်ပါတယ်။ ကံဆွယ်ရွာ တစ်ရွာလုံး ရေချိုရဖို့ အားထားရတဲ့ စမ်းတွင်းနှစ်တွင်းမှာ ရေချိုရဖို့ ညကတည်းက ပီပါပုံးတွေ တန်းစီချထားရပါတယ်။
ရေနံချောင်းမြို့ကို စိမ်းလန်းစေဖို့ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးပေးနေတဲ့ ပရဟိတလူငယ် ကိုဒင်းဂါးဟာ ရေနံချောင်းကနေ ပြည်မြို့ကိုဆိုင်ကယ်ဖြင့် ခရီးသွားရင်း စမ်းတွင်းနံဘေးမှာ ရေချိုရဖို့စောင့်ဆိုင်းနေတဲ့ ကံဆွယ်ရွာသားတွေကို တွေ့ခဲ့ရပါတယ်။ ကံဆွယ်ရွာသားတွေရဲ့ သောက်ရေဒုက္ခကိုမြင်မိပြီး အလှုရှင်ရှာဖွေကာ ရေချိုကြောရှိရာ ပေ၈၅၀ထိ တွင်းတစ်ခုတူးပေးပြီး ကံဆွယ်ရွာသားတွေ သောက်သုံးရေ ဝဝလင်လင်ရရှိအောင် ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


“ကျွန်တော်ဆိုင်ကယ်နဲ့ ရေနံချောင်းကနေ ပြည်ဘက်ကိုသွားရင်း စမ်းတွင်းတစ်ခုမှာ ပုံးလေးတွေချပြီး တစ်စက်ချင်းကျတဲ့ရေချိုကို စောင့်နေကြတာ။ ကျွန်တော်တို့ရေနံချောင်းက ရေရှားပေမယ့် အဲဒီလောက် မဆိုးဘူး။ ဆိုင်ကယ်ရပ်ပြီး မေးကြည့်တော့ သူတို့ရွာမှာရေတွင်းတော့ရှိပေမယ့် ရေချိုမထွက်လို့ ရေချိုအတွက် ဒီရေတွင်းလေးကို လာခပ်ရတယ်။ အိမ်ခြေပေါင်းက ၃၅၀။ လူဦးရေက ၁၅၀၀ကျော်တယ်။ ဒီရေချိုတွင်းက တစ်နေကုန်ခပ်မှ ၈ပုံးလောက်ပဲရတော့ တစ်အိမ်ကို တစ်ပုံးနှုန်းနဲ့သုံးရင်တောင် တစ်ရွာလုံးမသုံးနိုင်ဘူး” လို့ ရေနံချောင်းက ထင်ရှားတဲ့ သစ်ပင်စိုက်ပျိုးသူ ပရဟိတသမား ကိုဒင်းဂါးက ပြောပါတယ်။
ကံဆွယ်ရွာက ဒေသခံတွေဟာ တောင်ယာအလုပ်နဲ့အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ရွာမှာရေချိုရှားလွန်းလို့ ရေသန့်ကိုဝယ်သောက်ချင်တောင်မှာ ရေသန့်လာပို့တဲ့ကားမရှိလို့ တစ်ပေါက်ချင်းသာကျတဲ့ အဲဒီစမ်းတွင်းမှာ ရေချိုအတွက် ညကတည်းက ရေပုံးတွေကို အစဥ်လိုက်ချထားရပါတယ်။ မနက်ဆိုရင်တော့ နွားလှည်းနဲ့ရေပုံးတွေတင်ပြီး ရွာပြန်ကြရပါတယ်။
“မိသားစုတစ်စုမှာ လူတစ်ယောက်က ရေခပ်ဖို့ပဲ အချိန်ပေးနေရတာပေါ့။ အချိန်တွေ နှမျောစရာဖြစ်နေတာပေါ့။ တခြားအလုပ်လုပ်ရမယ့်နေရာမှာ ရေချိုကိုတန်းစီခပ်ရတယ်။ ရေချိုက တစ်ပေါက်ချင်းစီကျတယ်။ ငါးမိနစ်လောက်မှ ပုံးနဲ့တစ်ပုံးဆွဲလိုက်၊ ထည့်လိုက်နဲ့ အလှည့်ကျယူနေရတာ။ ရေတောင် ဝဝလင်လင်မသောက်ရဘူး။ ရေဒုက္ခ တော်တော်ရောက်နေတာပေါ့” လို့ သူကပြောပါတယ်။
မိုးရာသီဆိုရင်တော့ အဆောက်အအုံတွေမှာ ရေတံလျှောက်တွေလုပ်ပြီး ရေလှောင်ကန်တွေနဲ့ ရေစုနိုင်ကြလို့ သိပ်မခက်ခဲပေမယ့် ရေလှောင်ကန်ကလည်း များများစားစားမရှိတော့ နွေအတွက်ရေမစုဆောင်း နိုင်ကြပါဘူး။


ကံဆွယ်ကျေးရွာမှာ ရေတွင်းတွေရှိသေးပေမယ့် ရေငံသာထွက်လို့ ဆိတ်၊နွားတွေတိုက်ဖို့နဲ့ ချိုးရေအတွက်သာ အသုံးပြုကြပါတယ်။ ရေငံဟာ ချက်ပြုတ်ဖို့တောင် သုံးလို့မရဘူးလို့ ဆိုပါတယ်။
“ရွာကရေတွင်းတူးဆရာတွေကို မေးကြည့်တော့ ပေ ၈၅၀ လောက်မှာ ရေချိုကြောရှိတယ်လို့ ပြောတယ်။ ကျွန်တော်က အလှုရှင်ရှာပြီး ရေချိုစက်ရေတွင်းတူးပေးလိုက်မယ်လို့ စဉ်းစားထားတယ်” လို့ ကိုဒင်းဂါးက ပြောပါတယ်။
ရေချိုထွက်တဲ့တွင်းနှစ်တွင်းထဲက တစ်တွင်းကတော့ အရိပ်အမိုးလုပ်ထားလို့ အေးအေးလူလူခပ်လို့ရသော်လည်း တွင်းငယ်ဟာ နေပူပူမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေလို့ အရိပ်ရဖို့အတွက် အလှုခံနေစဉ် သွပ်မိုးအလှုရှင်ရလိုက်ပြီ ဖြစ်ပါတယ်။ crd###